ဆီမထည့်နိုင်တဲ့ တံခါးကြောင့်
ခြေထောက်တွေ တအီအီဝင်လာကြ။
သူတို့မှုတ်ထားတဲ့ စကားလုံးတွေနဲ့ပဲ
ငါ့ကို ဖောင်းခနဲ ဖောက်ကြ။
အဲဒီလိုနဲ့ပဲ
နတ်တွေကတောင် ကစားရမလို နားရမလို
(ငါလိုကောင် အတွက်ကတော့ ပြောမနေနဲ့တော့)
သေချာတာက
ငါဟာ နွေတွေလို ဆောင်းစားသတ္တ၀ါ မဟုတ်ဘူး
ဖြေဆေးကိုင်ပြီး ပွင့်ပေးမယ့်
ပဒိုင်းပန်းလည်း မဟုတ်ဘူး။
ဒါပေမဲ့ ထားလိုက်ပါတယ်။
မေ့ထားလိုက်ပါတယ်။
ရှိသမျှ လင်းစရာ ဝေစရာလေးတွေကို
သေခိုင်းလိုက်ပြီ။
ဘယ်တောအုပ်မှာမှ
သစ်ပင်နံပါတ်ပြောပြီး အမြစ်မချချင်ဘူး။
သောကြာနေ့ အချင်းချင်း အပျင်းခံရရင် နာတယ်။
လှံတံက ခေါ်လို့ မလိုက်ရင်လည်း
ပင်အပ်ယူပြီး လာမစိုက်နဲ့။
မင်းတို့ကျေနပ်ရင် ငါလိုမြေက နိမ့်မြဲနိမ့်ပေးလိုက်မယ်။
လပြည့်ဝန်းကို ပိန်ချွန်းချွန်းထိုင်ကြည့်နေရရင်ပဲ
ငါ့အတွက်
ဖြစ်ပါတယ် ။ ။
တာရာမင်းဝေ
No comments:
Post a Comment